သွားအံကြိတ်ခြင်း သို့မဟုတ် Bruxism အကြောင်း သိကောင်းစရာ
Bruxism လို့ခေါ်တဲ့ အံကြိတ်ခြင်းဟာ လူတော်တော်များများ ခံစားရလေ့ရှိတဲ့ သွားဘက်ဆိုင်ရာ ပြဿနာတခု ဖြစ်ပါတယ်။ ကိုယ်တိုင် အံကြိတ်မိနေမှန်း မသိတဲ့သူက ပိုများပါလိမ့်မယ်။ အပေါ်သွားတွေနဲ့ အောက်သွားတွေကို သိလျှက်နဲ့ဖြစ်စေ၊ ကိုယ်တိုင် သတိမထားမိဘဲ ဖြစ်စေ၊ အားနဲ့ ကြိတ်နေမိပြီဆိုရင် Bruxism ဖြစ်နေပြီလို့ ပြောလို့ရပါတယ်။ နေ့ဖက်ရောညအိပ်ပျော်နေချိန်မှာပါဖြစ်နိုင်ပါတယ်။ အထူးသဖြင့် ညအိပ်မောကျနေချိန်မှာ ပိုကြိတ်လေ့ရှိပါတယ်။ ပိုပြီးတော့လည်း အားနဲ့ကြိတ်တတ်ပါတယ်။ ပုံမှန်အစာဝါးတဲ့အခါ ပေါင် ၅၀ကနေ ၁၀၀ကြာလောက်ဘဲ အားစိုက်ဝါးလေ့ရှိပေမယ့်၊ မသိစိတ်နဲ့ မေးရိုးကြွက်သားတွေက အားနဲ့ ကြိတ်နေတဲ့ အချိန်မျိုးမှာ ပေါင် ၃၀၀ကျော်ထိ ရှိနေနိုင်ပါတယ်။ သွားချင်းကြိတ်သံ တကျွိကျွိ ကြားရပါလိမ့်မယ်။
Bruxism
လက္ခဏာများ။
- သွားချင်းကြိတ်သံ (ဘေးလူလန့်နိုးပြီး အိပ်မရတဲ့အထိဖြစ်နိုင်)။
- ကြွေလွှာပြုန်းတီးပါးလွှာခြင်း၊ အံသွားမျက်နှာပြင်ပြားလာခြင်း၊ အချိန်ကြာလာသည်နှင့်အမျှ သွားများတိုလာခြင်း။
- ကြွေလွှာပြုန်းတီးခြင်းကြောင့် အတွင်းလွှာပေါ်လာပြီး သွားကျင်လာခြင်း။
- ကြိတ်အားပြင်းထန်လွန်းလျှင် သွားကွဲအက်ခြင်း။
- သွားဖုံးအစပ်ရှိသွားခြေတွင် V ပုံစံ ချိုင့်ခွက်ပေါ်လာခြင်း။
-မေးရိုးကြွက်သားများ တင်းပြီးနာကျင်ခြင်း။
- မျက်နှာနှင့်နားကိုက်ခြင်း၊ ပါးကြောများ၊ နားထင်များကိုက်ခြင်း၊ ခေါင်းကိုက်ခြင်း (ခေါင်းသားတွေတင်းပြီးကိုက်တဲ့ tension headache လိုကိုက်တတ်ပါတယ်)။
- ပါးစောင်တွင်းသားတွင် အံသွားကိုက်ရာများ ပေါ်လာခြင်း (လျှာမှာလည်းကိုက်မိပြီးသွားရာတွေပေါ်လာနိုင်ပါတယ်)။
- နှစ်ကြာလာလျှင် မေးရိုးဆစ်ရောဂါဖြစ်ပြီး မေးရိုးဆစ်ကိုက်ခြင်း၊ ပါးကိုက်ခြင်း၊ ပါးစပ်ကောင်းကောင်းမဟနိုင်ခြင်း စသည့် မေးရိုးဆစ်ရောဂါလက္ခဏာများခံစားရခြင်း။
- စိုက်သွားတုများမကြာခဏပွန်း-ပေါက်-ပျက်စီးခြင်း။
- သွားအချင်းချင်း မကြာခဏ ကြိတ်နေရကာ၊ သွေးသလိုဖြစ်ပြီး သွားစောင်းများချွန်လာပြီး လျှာနှင့်မကြာခဏပွတ်မိသဖြင့် လျှာစောင်းများ နာကျင်ခြင်း၊ အနာဖြစ်ခြင်း။
- သွားဖုံးရောင်နဲ့ သွားမြစ်ဝန်းရောဂါရှိသူများ အံပါကြိတ်တတ်ရင်၊ သွားမြစ်ပတ်အမြှေးမှာဝန်ပိပြီး ရောဂါပိုဆိုးစေပါတယ်။ သွားတွေ အလွယ်တကူ ယိုင်နဲ့စေပါတယ်။
Bruxism ဘာကြောင့်ဖြစ်ရသလဲ ❓❓❓
-စိတ်တင်းကျပ် ဖိစီးမှု(stress and anxiety)
- ဒေါသဖြစ်ခြင်း၊ စိတ်အလိုမကျခြင်း။
- ပင်ကိုယ် စိတ်လှုပ်ရှား တက်ကြွလွယ်၊ အပြိုင်အဆိုင် စိတ်ပြင်းထန်သည့် ကိုယ်ရည်ကိုယ်သွေး (personality) ရှိသူ။
- အပေါ်အောက် သွားများ မညီမညာဖြစ်ခြင်း။
- ပါကင်ဆန်စသည့် အာရုံကြောရောဂါ ရှိခြင်း။
- ကလေးများ သွားပေါက်ခါစချိန်နှင့် မေးရိုးများ ဖွံ့ဖြိုးကြီးထွားနေချိန်များမှာ သွားကြိတ်လေ့ရှိတာ ပုံမှန်ဖြစ်ပါတယ်။ သွားများစုံလာချိန်မှာ အလိုလို ပျောက်သွားပါတယ်။
ကုုသမှုများ။
ဖြစ်ရတဲ့ အကြောင်းရင်းကို တွေ့အောင်ရှာရပါတယ်။ အဲဒီအပေါ်မူတည်ပြီး...
✅ စိတ်ဖိစီးမှုကို ကုသခြင်း stress releasing threapies -ပေါ့ပါးသည့်အားကစားလုပ်စေခြင်း၊ တရားထိုင်ခြင်း၊ စိတ်ငြိမ်ဆေးပေးခြင်း။
✅ သွားမညီခြင်းကို သွားညှိကုသခြင်း။ (braces or orthodontic treatment)
✅ ညအချိန် သွားချင်းကြိတ်ခြင်းမှ သက်သာစေရန် သွားဝါးတဲ့ မျက်နှာပြင်တွေကို အုပ်ပေးတဲ့ mouth guard တပ်ဆင်အိပ်စက်စေခြင်း။
✅ မေးရိုးကြွက်သားများ ဖြေလျော့စေရန် ဆေးပေးခြင်း (muscle relaxants) မိမိစိတ်ဖြင့် မေးရိုးကြွက်သားများ လှုပ်ရှားမှုကို ထိန်းချုပ်ဖြေလျှော့နိုင်လာအောင် ကြွက်သားများ အတင်းအလျော့ကို အာရုံခံနိုင်သည့် စက်သုံးပြီးလေ့ကျင့်ပေးခြင်း (biofeed back)
နှစ်နဲ့ချီပြီး အံကြိတ်နေရင် (Bruxism) မေးရိုးဆစ်ရောဂါ၊ သွားပြုန်းတီးခြင်းနဲ့ နောက်ဆက်တွဲဝေဒနာတွေခံစားရပြီး၊ သွားတွေ သိပ်တိုလာရင် ကုသရခက်ခဲတာမို့ သိတာနဲ့ ဆရာဝန်ပြဖို့ လိုပါတယ်။ ????⚕️????⚕️????⚕️
Credit - Dr.Nyan